ရွှေ့ပြောင်းနေထိုင်ရာဒေသရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက်လုံခြုံရေး
ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသူ/သားများသည် လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး စသည့် အကြောင်းအရာအမျိုးမျိုးကြောင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဝင်ရောက်လာကြပါသည်။ ထို့သို့ဝင်ရောက်လာသူများအနက် လုံခြုံရေးအရ တရာမဝင်ဝင်ရောက်လာသောလူများအတွက် ထိုင်းနိုင်ငံအတွင်းနေထိုင်နေစဥ် ဖမ်းဆီးခံရခြင်း နှင့် နေရပ်ပြန်ပို့ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပါသည်။
ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားရသေးသောကြောင့် ဒုက္ခသည်များအား တရားဝင်အခြေအနေပေးဆောင်ရန် ဥပဒေများမရှိပါ။ ထို့ကြောင့် တရားဝင် အထောက်အထား စာရွက်စာတမ်း မရှိသော သူများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် နေရပ်ပြန်ပို့ခြင်း စသည့်အန္တရာယ်များနှင့် ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် ပြင်ပသို့သွာရန် အကြောင်းကိစ္စရှိပါက သင့်လုံခြုံရေးအားဦးစားပေး ဂရုပြု၍
သွားလာသင့်ပါသည်။
ဖမ်းဆီးခြင်း နှင့် နေရပ်ပြန်ပို့ခြင်းမှ သင့်ကိုယ်သင်ကာကွယ်ရန် နည်းလမ်းများမှာ –
- သင့်နေရာမှပြင်ပသို့ သွားသည့်အခါ ရဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား သတိထားပါ။
- ရဲများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေရာတိုင်းတွင် တည်ရှိနေနိုင်ပါသည်။
- မိမိ၏အသွားအလာအား အခြေခံလိုအပ်ချက်များဖြစ်သော အစားအသောက်၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ ရရှိရန်အတွက်သာ ပြင်ပသို့သွားခြင်းဖြင့် ကန့်သတ်ထားသင့်ပါသည်။
- သင်အပြင်သို့မသွားမှီ သင့်မိသားစု၊ သူငယ်ချင်းများအား သင်မည်သည့်နေရာတွင်ရှိနေကြောင်း၊ မည်သည့်နေရာသို့ သွားမည်ဖြစ်ကြောင်းအသိပေးသင့်ပါသည်။
- သင်၏ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းများ ID (သို့) Passport များကို သင့်အခြေအနေတွင် ပါဝင်မှု မရှိသူများကို ပေးခြင်းအား သတိထားပါ။
- တရားမဝင်ဖြစ်သောကြောင့် မှောင်ခိုကူး၍ ခရီးသွားလာခြင်းအားသတိထားသင့်ပါသည်။
- ပြင်ပသို့ထွက်ရန်လိုအပ်ပါက ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ရင်းမြစ်များ၊ အဖွဲ့အစည်းများနှင့် အခြားလူမှုမီဒီယာများမှ ဖမ်းဆီးမှုများရှိမရှိ စစ်ဆေးပြီးမှ ထွက်သင့်သည်။
- အရက်သေစာ သောက်စားပြီးလျှင် ဆိုင်ကယ် (သို့မဟုတ်) မော်တော်ကားမောင်းနှင်ခြင်း မပြုသင့်ပါ။
- ဉာဥ့်နက်မှ အပြင်ထွက်ခြင်းအား ရှောင်ကြဥ်သင့်ပါသည်။
- မိမိနေအိမ် (သို့မဟုတ်) မိမိလူမှုပတ်ဝန်းကျင်တွင် ဆူညံမှုများပြုလုပ်ပါက ဒေသခံထိုင်းလူမျိုးများမှ ရဲအားအကြောင်းကြားတိုင်ကြားနိုင်ပါသောကြောင့် ဆူညံမှုများပြုလုပ်ခြင်းမှ ရှောင်ကြဥ်သင့်ပါသည်။