ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်
အကြောင်းအရာ ။ ။ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာသူများအတွက် နိုင်ငံတော်တွင် ပညာသင်ကြားခြင်း (သို့) ပညာသင်ကြားရင်းအလုပ်လုပ်ခြင်းနှင့်ပတ်သက်သည့် အထူးကိစ္စ။
ကိုဗစ် – ၁၉ ကြောင့် ထိုင်းနိုင်ငံ၏စီးပွါးရေးများစွာထိခိုက်ခဲ့သည်။ ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် စီးပွါးရေးကိုမြှင့်တင်ရန် ရွှေ့ပြောင်းပညာသင်ကြားလိုသူ (သို့) ပညာသင်ကြားရင်းအလုပ်လုပ်လိုသူများအား အဆင့်မြင့်ပညာရေး အခွင့်အလှမ်းများ ဖန်တီးပေးခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးစီးပွါးရှိပြီး စီးပွါးရေးတိုးတက်အောင်လဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ထိုင်းသက္ကရာဇ် ၂၅၂၂ (၁၉၇၉) ခုနှစ် ပုဒ်မ ၅ အပိုဒ် ၁ အရ အမျိုးသား အေးချမ်းသာယာရေးကောင်စီ၏ အမိန့်ထုတ်ပြချက် အမှတ် ၈၇/၂၀၁၄ ပါ ပြင်ဆင်ချက်နှင့် ဆက်လျဉ်း၍ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲပါ ရဲအရာရှိများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၇ အရ ထိုင်းသက္ကရာဇ် ၂၅၂၂၊ ၂၀၂၄ ခုနှစ် မေလ ၂၈ ရက်တွင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။
၁။ ဤကြေညာချက်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်၍ အသက်ဝင်မည်ဖြစ်သည်။
၂။ ပညာရေးအဖွဲ့စည်းတခုခုတွင် တက္ကသိုလ်အဆင့်ထက်မနိမ့်သော အဆင့်မြင့်ပညာကို သင်ယူနေသည့် ရွှေ့ပြောင်းသွားလာသူများသည် ထိုင်းနိုင်ငံရှိ အဆင့်မြင့်ပညာရေး သင်ကြားပေးနေသည့် ပညာရေးအဖွဲ့စည်းများတွင် ပညာသင်ကြားနိုင်ရန် အထူးကိစ္စအနေဖြင့် ခွင့်ပြုချက်တောင်းခံပိုင်ခွင့်ရှိသည်။
၃။ ထို့အပြင် ပညာရေးအဖွဲ့စည်းတခုခုတွင် တက္ကသိုလ်အဆင့်ထက်မနိမ့်သော အဆင့်မြင့်ပညာကို သင်ယူနေသည့် ရွှေ့ပြောင်းလာသူများသည် ထိုင်းနိုင်ငံရှိ အဆင့်မြင့်ပညာရေး သင်ကြားပေးနေသည့် ပညာရေးအဖွဲ့စည်းများတွင် အလုပ်လုပ်ကိုင်ရင်း ပညာသင်ကြားနိုင်ရန်လည်း အထူးကိစ္စအနေဖြင့် ခွင့်ပြုချက် တောင်းခံပိုင်ခွင့်ရှိသည်။
၄။ နံပါတ ၃ အရ ရွှေ့ပြောင်းသွားလာသူများသည် ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ကာလကို တစ်ကြိမ်တိုးမြှင့်ပေးရန် တင်ပြတောင်းဆိုနိုင်သည်။ တစ်ကြိမ်လျှင် တစ်နှစ်ထက်မပိုရ။ တောင်းဆိုရာတွင် အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်ရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့ ပူးပေါင်းဆုံးဖြတ်သည့်သတ်မှတ်ချက်များနှင့်အညီ ထောက်ခံချက်များ တောင်းဆိုနိုင်သည်။
၅။ ထိုသို့တောင်းဆိုရာတွင် ထိုင်းနိုင်ငံတွင် မိမိတက်ရောက်နေသည့် ပညာရေးအဖွဲ့စည်းမှတဆင့် အထူးကိစ္စရပ်အနေဖြင့် အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်ရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့ ပူးပေါင်းဆုံးဖြတ်သည့်သတ်မှတ်ချက်များနှင့်အညီ လူဝင်မှုကြီးကြပ်ရေးဌာနသို့ တောင်းဆိုတင်ပြရမည်။
၆။ ဤကြေညာချက်များအရ လဝကအရာရှိများသည် နိုင်ငံခြားသားများအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေနှင့်အညီ ခွင့်ပြုကြောင်း တံဆိပ်ရိုက်နှိပ်ပေးရမည်။
ကြေညာချက်ပါအထူးကိစ္စဖြင့် ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်ခွင့်ကို တစ်နှစ်ထက်မပိုစေရ။ ထိုင်းနိုင်ငံသို့ အကြိမ်ရေအကန့်သတ်မရှိ ပြန်လည်ဝင်ရောက်လာနိုင်ပြီး ခွင့်ပြုချက်ထပ်မံတောင်းခံစရာမလိုပါ။
၇။ နံပါတ် ၄ အရ ရွှေ့ပြောင်းလာသူများ (သို့) အခြားရည်ရွယ်ချက်များအနေဖြင့် ထိုင်းနိုင်ငံတွင်းယာယီနေထိုင်ခွင့်ဆိုင်ရာ ခွင့်ပြုချက်ကို ပြောင်းလဲတောင်းခံလိုပါက လူဝင်မှုကြီးကြပ်ရေးဗျူရိုက သတ်မှတ်သည့် စံနှုန်းများ၊ နည်းလမ်းများ၊ အခြေနေများနှင့်အညီ တင်ပြတောင်းဆိုနိုင်သည်။ လူဝင်မှုကြီးကြပ်ရေးဗျူရီုက တောင်းဆိုမှုကို စိစစ်ဆုံးဖြတ်ပေးမည်ဖြစ်သည်၊
၈။ နံပတ် ၄ အရ ရွှေ့ပြောင်းသွားလာသူများသည် နေထိုင်ခွင့်ရပြီးနောက် ထိုင်းနိုင်ငံတွင် အရင်အလုပ်လုပ်ကိုင်လိုပါက လက်ရှိယာယီခွင့်ပြုချက်ကို အမျိုးအစားပြောင်းလျှောက်ရန် တင်ပြနိုင်သည်။ တင်ပြရာတွင် အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ လျှောက်ထားရမည်။
၉။ ဤကြေညာချက်အရသက်ဆိုင်သူများသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၃၇၊ အပိုဒ် ၅ အရ ၎င်းတို့၏ နေထိုင်ရာနေရာအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနှင့်အညီ တာဝန်ရှိသူများထံ ကာယကံရှင်ကိုယ်တိုင် ဧည့်စာရင်းတိုင်ကြားရမည်။
၁၀။ ဤကြေညာချက်အရ အထူးကိစ္စများဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ရသူများသည် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်ရုပ်သိမ်းခံရပါက တခြားခွင့်ပြုချက်များပါ ရပ်ဆိုင်းမည်ဖြစ်သည်။
အထက်ပါစာပိုဒ်အရ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရုပ်သိမ်းခံရပါက ကာယကံရှင်နှင့် အတူပါလာသူများလည်း အကျုံးဝင်ရပ်ဆိုင်းခံရမည်ဖြစ်သည်။
၁၁။ ကြေညာချက်အရ ရွှေ့ပြောင်းသွားလာသူများအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေ ထိုင်းသက္ကရာဇ် ၂၅၂၂၊ ပုဒ်မ ၃၉ အရ တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံခြင်းမှ ကင်းလွှတ်ခွင့်ကို တောင်းခံနိုင်သည်။
ကြေညာရက် ၁၅ ဇူလိုင် ၂၀၂၄
မစ္စတာ ဆေထာ ထဝီဆင်
ဝန်ကြီးချုပ်
မစ္စတာ အနုထီ(င်) ချန်ဝီလာကွန်း
ပြည်ထဲရေးဝန်ကြီး
(မှတ်ချက်။ ။ ကြေညာချက်ကို အနီးစပ်ဆုံးဖြစ်အောင် ဘာသာပြန်ထားပါသည်။
မူရင်း ต่างด้าว=Alien ကို ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသွားလာသူများအဖြစ် သုံးနှုန်းထားပါသည်။)